သီးညှပ်စိုက်ပျိုးရေးစနစ်

ဓာတုဓာတ်မြေသြဇာများကို အဓိကအားကိုး အသုံးပြုကြသော စိုက်ခင်းများမှာ မြေဆီ မြေနှစ် ဆုံးရှုံးခမ်းခြောက်မှုနှုန်းက သာမန်ထက် သိသိသာသာပိုမြန်ပါတယ်။

ဒါ့ကြောင့် ​မြေဆီလွှာပြန်လည်ထိန်းသိမ်းစောင့်ရှောက်မှုကိုရရှိဖို့ဆို ဓာတုမသုံးတဲ့စိုက်ခင်းတွေထက် ဓါတုအသုံးပြုစိုက်ခင်းတွေကပိုပြီးအရေးတကြီးလိုအပ်တာကို သိထားရပါမယ်။

တောင်သူများက စိုက်ခင်းကို ဓာတုဓာတ်မြေဩဇာတစ်မျိုးတည်းကိုသာ အသုံးပြုတဲ့အပြင်ကိုမှ သီးနှံတစ်မျိုးတည်းကိုဘဲနှစ်စဥ်ဆက်တိုက် မပြောင်းမလဲစိုက်ပျိုးနေမယ်ဆိုရင် မရှည်ကြာတဲ့သက်တမ်းအတွင်းမြေဆီလွှာက မာကျော၊ ခမ်းခြောက်ပြီး စိုက်စားမရအောင်ပျက်စီးသော မြေသေအဖြစ် စွန့်ပစ်လိုက်ရတော့မှာပါ။‼️

စိုက်ပျိုးမြေဆီလွှာတွေခမ်းခြောက်ပြီး မြေသေအဖြစ်ပြောင်းလဲသွားရင် တောင်သူတို့ စျေးကြီးပေးဝယ်နေရတဲ့ ဓာတုဓာတ်မြေသြဇာတွေလည်း ကယ်နိုင်မှာမဟုတ်ပါဘူး။

ဒီ့အတွက် အစကတည်းက မြေဆီလွှာအရည်အသွေးကိုမထိခိုက်စေမဲ့ သီးလှည့်၊သီးညှပ်စနစ်နဲ့စိုက်ပျိုးဖို့ စိုက်ပျိုးရေးပညာရှင်ကြီးများက အကြံပြုထားပါတယ်။

သီးညှပ်စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာအတွင်းမှလျော့ပါးသွားသော အာဟာရဓာတ်တစ်မျိုးချင်းစီကို ပြန်လည်ဖြည့်တင်းဖို့အချိန်ရစေပြီး မြေဆီလွှာတိုက်စားခြင်း၊ အဖျက်ပိုးမွှားစွားဆက်တိုက်ကျရောက်ခြင်းတို့ကို လျော့ပါးသက်သာစေပြီး ဓာတုဓာတ်မြေသြဇာများဖိ၍ အသုံးပြုရခြင်းကိုလည်း တစ်ဖက်တစ်လမ်းမှ သက်သာစေမှာပါ ခင်ဗျာ။

သီးညှပ်စိုက်ပျိုးရေးစနစ်ဟုဆိုရာမှာ အချိန်တစ်ခုတည်းတွင် မြေကွက်တစ်ခုအတွင်း သီးနှံအနည်းဆုံး (၂) မျိုးအထိထားပြီး အတူတူစိုက်ပျိုးထားခြင်းစနစ်ကို ဆိုလိုပါတယ်။

သီးညှပ်စိုက်ပျိုးရေးစနစ်ကို ကျင့်သုံးမည်ဆိုပါက –

♻️𝗠𝗶𝘅𝗲𝗱 𝗶𝗻𝘁𝗲𝗿𝗰𝗿𝗼𝗽𝗽𝗶𝗻𝗴
(သီးရောစိုက်ပျိုးခြင်း စနစ်)
♻️𝗥𝗼𝘄 𝗶𝗻𝘁𝗲𝗿𝗰𝗿𝗼𝗽𝗽𝗶𝗻𝗴
(အတန်းလိုက်သီးညှပ် စိုက်ပျိုးခြင်းစနစ်)
♻️𝗦𝘁𝗿𝗶𝗽 𝗶𝗻𝘁𝗲𝗿𝗰𝗿𝗼𝗽𝗽𝗶𝗻𝗴
(အကန့်လိုက် သီးညှပ်စိုက်ပျိုးခြင်း) ဆိုပြီး (၃) မျိုးရှိပါတယ်။

𝗠𝗶𝘅𝗲𝗱 𝗶𝗻𝘁𝗲𝗿𝗰𝗿𝗼𝗽𝗽𝗶𝗻𝗴 ဖြစ်တဲ့သီးရောစနစ်က နှစ်မျိုး (သို့မဟုတ်) နှစ်မျိုးထက်ပိုသောသီးနှံများကို အကုန် ရောပြွန်းကျဲပက်စိုက်ပျိုးခြင်းဖြစ်တာကြောင့် အလွန်လွယ်ကူပေမဲ့ ပေါင်းမြက်ရှင်းလင်းရာနဲ့ စိုက်ပျိုးသီးနှံများ ရေ၊ နေ၊ မြေဆီလွှာမှ ညီတူညီမျှအာဟာရမရရှိတာမျိုးဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် 𝗥𝗼𝘄 𝗶𝗻𝘁𝗲𝗿𝗰𝗿𝗼𝗽𝗽𝗶𝗻𝗴 လို သီးနှံနှစ်မျိုးကို အတန်းလိုက်သီးညှပ် စိုက်ပျိုးခြင်းစနစ် နှင့် 𝗦𝘁𝗿𝗶𝗽 𝗶𝗻𝘁𝗲𝗿𝗰𝗿𝗼𝗽𝗽𝗶𝗻𝗴 လို ​မြေကွက်တစ်ခုအတွင်း သီးနှံတစ်မျိုးကို အကန့်တစ်ခုပေးကာ သုံးလေးမျိုး တစ်ပြိုင်တည်းစိုက်သည့် အကန့်လိုက်စိုက်ပျိုးခြင်းများက ပေါင်းမြက်ရှင်းလင်းရပိုလွယ်ကူပြီး၊ အာဟာရညီညီမျှမျှ မရှိမှာ စိတ်ပူစရာ မလိုအပ်တော့ပါဘူး။ 👍🏻

သီးညှပ်စိုက်ပျိုးခြင်းကလည်း မြေဆီလွှာ ရေရှည်ကျန်းမာစေဖို့ရည်ရွယ်ချက်ဖြစ်တာကြောင့် မြေကိုအနားပေးရန်ခက်ခဲ၊ခဲယဥ်းသောတောင်သူတို့ နည်းယူစိုက်ပျိုးသင့်ပါကြောင်း အကြံပြုဝေမျှပေးလိုက်ရပါတယ် ခင်ဗျာ။🤗

သဘာဝစွမ်းအားဖြင့်မြေကြီးကရွှေသီးစေရမည်။

OrganicFood

#OrganicProduct

#Organic

#openmoregoodwill