အပင်များအတွက် အကျိုးပြုတဲ့ ဘိုကာရှီ စွမ်းအားမြင့်ဇီဝမြေဩဇာ

အော်ဂဲနစ်စိုက်ပျိုးရေးအကြောင်းပြောတဲ့အခါ မပါမဖြစ်တဲ့ အဓိကအကြောင်းအရာတစ်ခုက အော်ဂဲနစ်မြေဩဇာတွေပါပဲ။

အော်ဂဲနစ်စိုက်ပျိုးရေးဆိုတာ ဓါတုသွင်းအားစုတွေမသုံးစွဲရုံနဲ့ အော်ဂဲနစ်စိုက်ပျိုးရေးဖြစ်ဖို့ မလုံလောက်ပါဘူး၊ စိုက်ပျိုးတဲ့မြေကြီးကိုအစာကျွေးပြီး ရှင်သန်အောင်အဓိကထားလုပ်ဆောင်ဖို့လိုပါတယ် မြေကြီးကိုအစာကျွေးဖို့သဘာဝနည်းအတိုင်း ဖော်စပ်ထုတ်လုပ်ထားတဲ့ သဘာဝမြေဩဇာတွေက လိုကိုလိုအပ်လာပါတယ်။

ရှေ့မှာပြောခဲ့ပြီးတဲ့ ငါးအမိုင်နိုအက်ဆစ်တွေ တခြားသဘာဝမြေဩဇာတွေလိုပဲ ဘိုကာရှီမြေဩဇာဟာလည်း သဘာဝမြေဩဇာတွေထဲက တစ်ခုပါ၊ဘိုကာရှီဆိုတာ ဂျပန်အခေါ်အဝေါ်ဖြစ်ပြီး မြန်မာလိုဆိုရင်တော့ အော်ဂဲနစ်မြေဆွေးလို့ အဓိပ္ပါယ်ရပါတယ်။

အကျိုးပြုအနုဇီဝပိုးတွေရဲ့ပံ့ပိုးမှုနဲ့အဓိကပြုလုပ်ရတဲ့ဘိုကာရှီဇီဝမြေဩဇာကို ဂျပန်နိုင်ငံကစတင်သုံးစွဲခဲ့ပြီးပြန့်ပွါးခဲ့တဲ့နည်းပညာဖြစ်ပါတယ်။ မိမိဒေသမှာ အလွယ်တကူ ရနိုင်တဲ့ လယ်ယာစွန့်ပစ်ပစ္စည်းတွေကို အကျိုးပြုအနုဇီဝပိုးရေတွေကိုအသုံးပြုပြီး အချဉ်ဖောက်ခြင်းနည်းနဲ့ဆွေးမြေ့အောင် ပြုလုပ်ထားတဲ့ မြေသြဇာ တစ်မျိုးပါ။သူ့မှာဆိုရင် အော်ဂဲနစ်စိုက်ပျိုးရေးအတွက် အကျိုးပြုအနုဇီဝပိုးတွေ နဲ့ အပင်တွေအတွက်အဓိကအဟာရဖြစ်တဲ့ NPK လိုအာဟာရဓာတ်တွေအပြင် အနည်းလိုအဟာရဓာတ်တွေကြွယ်ဝစွာ ပါဝင်နေပါတယ်။

အော်ဂဲနစ်စိုက်ပျိုးရေးမှာ ဘိုကာရှီ ဇီဝမြေဩဇာကို အသုံးပြုခြင်းက

  • မြေဆီလွှာကို သဘာဝအတိုင်းကျန်းမာစေခြင်း
  • သဘာဝပတ်ဝန်းကျင် နဲ့ လိုက်လျောညီထွေဖြစ်ခြင်း
  • သစ်ပင်ပန်းပင်ကို အဆိပ်အတောက်ကင်းစေခြင်း
  • မြေဆီလွှာရဲ့ဓာတု ရူပ ဂုဏ်သတ္တိများကို တိုးတက်ကောင်းမွန်စေခြင်း
  • ပျက်စီးနေတဲ့ မြေသားကို အားဖြည့်ပြုပြင်ပေးခြင်း
  • ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးတစ်ခုဖြစ်စေခြင်း စတဲ့ အားသာချက်များလည်းရှိတာကြောင့်

ရိုးမြေကျ အော်ဂဲနစ်ခြံမှာ ဘိုကာရှီပြုလုပ်ပုံ အချိုးအစားများကို ဝေမျှရင်း လိုက်လံဖော်စပ်အသုံးပြုဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

ရိုးမြေကျ အော်ဂဲနစ်ခြံ ဘိုကာရှီပြုလုပ်ပုံ

  • ပြောင်းဖတ် – ၆၅ ကီလို
  • ကြက်ချေး – ၅၀ ကီလို
  • စပါးခွံ ဖွဲပြာ – ၃၀ ကီလို
  • အနုဇီဝ ပိုးမြေ- ၁၀ ကိီလို
  • ဖွဲနု -၁၀ ကီလို
  • EM. -၄ လီတာ
  • FAA. -၄ လီတာ
  • သကာရည် -၁ လီတာ
  • ငှက်ပျောဇီဝ. -၁လီတာ
  • စပါးခွံ ဗီနီကာ-၁လီတာ

ရေကို ပါဝင်ပစ္စည်းများရဲ့အစိုဓာတ်ပေါ်မူတည်ပြီး လိုသလိုထည့်သွင်းဖော်စပ်နိုင်ပါတယ်။