သီးထိုးယင် (Fruit Fly)

သစ်သီးဝလံများကို အန္တရာယ်ပေးသောဖျက်ပိုး သီးထိုးယင် (Fruit Fly)
မကြာမှီမှာ သစ်သီးဝလံများထွက်ရှိမဲ့ရာသီရောက်ရှိလာပါတော့မယ် သစ်သီးဝလံတွေထွက်ရှိတဲ့ရာသီရောက်လာပြီဆိုတာနဲ့ သီးထိုးယင် (Fruit fly) တွေရဲ့အန္တရာယ်ကို စိုက်ပျိုးတောင်သူတွေရင်ဆိုင်ရပါပြီ၊ တောင်သူများအနေနဲ့ သီးထိုးယင် (Fruit fly) အကြောင်းကိုသိထားမယ်ဆိုရင် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားနိုင်တာကြောင့် စိုက်ပျိုးတောင်သူများအတွက် သီးထိုးယင်အကြောင်းကိုစုစည်းဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

သီးထိုးယင် (Fruit fly)ကဘယ်လိုအင်းစက်ဖျက်ပိုးအုပ်စုဝင်လဲ?
သီးထိုးယင် (Fruit fly) သည် ခြင်၊ ယင်အုပ်စု (Order: Diptera)တွင်ပါဝင်သော ယင်ကောင်အမျိုးအစား အင်းဆက်ဖျက်ပိုးတစ်မျိုးဖြစ်ပါတယ်။

သီးထိုးယင် (Fruit fly)ကဘယ်လို အသီးအုပ်စုတွေမှာအဓိကကျရောက်ဖျက်စီးတာလဲ?
သီးထိုးယင်သည်မာလကာသီး၊ သရက်သီး၊ ဇီးသီး၊ နဂါးမောက်သီး၊ သင်္ဘောသီး၊ ကျွဲကောသီး၊ မင်းဂွတ်သီး၊ လိမ္မော်သီး၊ နှင်းသီး၊ မက်မွန်သီး၊ကြက်မောက်သီး၊ သခွားမွှေးသီး စသည့် သစ်သီးဝလံများနှင့် ဗူး၊ ဖရုံ၊ သခွား၊ ခဝဲ၊ ကြက်ဟင်းခါး၊ ပဲလင်းမြွေသီး၊ငရုတ်၊ ခရမ်း ချဉ် စသည့် ဟင်းသီးဟင်းရွက်အုပ်စုမှ အသီးများတွင် အဓီကကျရောက်ဖျက်ဆီး ပါတယ်။

သီးထိုးယင် (Fruit fly)က ဘယ်လိုရာသီဥတုနဲ့ဘယ်ဒေသတွေမှာကျရောက်တက်ပါသလဲ?
သီးထိုးယင် (Fruit fly) သည် စွတ်စိုသော ရာသီ ဥတုတွင် ပိုမို ကျရောက်တတ်ပါတယ်။ အထက်မြန်မာပြည် အပူပိုင်းဒေသများထက် အောက်မြန်မာပြည် မိုးများသော ဒေသများ တွင် ပို၍ ကျရောက်တတ်ပါသည်။

သီးထိုးယင် (Fruit fly) ကသစ်သီးဝလံတွေကိုဘယ်လိုဖျက်စီးမှုအန္တရာယ်ကိုပေးတာလဲ?
သီးထိုးယင်သည်သစ်သီး ဝလံများ ကို အချိန်တိုအတွင်း ဖျက်စီးပစ်နိုင်သော ဖျက်နှုန်းမြင့်ပိုးမွှားအမျိုးအစား တစ်မျိုးဖြစ်ပါတယ်။

( ဥပမာ ) သရက်သီးမှာသီးထိုးယင်ဖျက်စီးပုံနဲ့ရှင်းပြပေးပါမယ် သီးထိုးယင် အမ တစ်ကောင်ဟာ တစ်ကြိမ်ဥလျှင် ၁၅၀-၄၀၀အထိ ဥနိုင်ပါတယ်၊ သီးထိုးယင်အမတွေဟာ ဥများကို သူ့ရဲ့ဝမ်းဗိုက် အတွင်းရှိ ပြွန်ပုံသဏ္ဍာန် ဥအုတံဖြင့် ကြီးထွားဆဲ သရက်သီးအတွင်းသို့ထိုးဖောက်ပြီး ဥချပါတယ်။ဥများဟာ တစ်ပတ်အတွင်း လောက်ကောင် (Maggot) များ အဖြစ်ပေါက်ဖွားလာကျပြီး ပေါက်လာသော သားလောင်း လောက်ကောင်များဟာ သရက်သီးအတွင်း တစ်သျှုးသား များကို စားသောက်ကျတာကြောင့် သရက်သီး အတွင်းသား ပုပ်ရိသွားပြီး သရက်သီးများ ပျက်စီးကြွေကျကုန်ပါတယ်။

မြေကြီးပေါ်သရက်သီးအကြွေများအတွင်းမှ အရွယ်ရောက်သားလောင်းလောက်ကောင်တွေဟာ သရက်သီးအတွင်းမှ ထွက်၍ မြေကြီးအတွင်း ဝင်ရောက်ကာ ရုပ်ဖုံးများ အဖြစ်ပြောင်းလဲလိုက်ကျပါတယ်၊ ရုပ်ဖုံး ဘဝတွင် နွေရာသီ၌ ၁၀ရက်၊ အေးသောရာသီ၌ ၅၀ ရက်ခန့် နေပြီး အကောင်ကြီး သီးထိုးယင်ဘဝသို့ ကူးပြောင်းကျပါတယ်။ တစ်နှစ်လျှင် သားဆက် ၁၅-၁၆ဆက် ထိကိုပေါက်ဖွားနိုင်ကျတာကြောင့် အလွန်အန္တရာယ်များပြီးပွါးနှုန်းမြန်တဲ့အင်းဆက်မျိုးဖြစ်ပါတယ်။

သီးထိုးယင် (Fruit fly) ကိုသဘာဝနည်းများဖြင့်ဘယ်လိုကြိုတင်ကာကွယ် နှိမ်နင်းလို့ရပါသလဲ?
အထိရောက်ဆုံးကာကွယ်နည်းမှာ သစ်သီးဝလံများကို စက္ကူအိပ်များစွပ်ပြီးကာကွယ်ချင်းဖြစ်ပါတယ်။
သီးထိုးယင်ကျရောက်နေပြီဆိုရင် ပုပ်ရိနေသော အသီးများ ကြွေကျနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ကြွေကျတဲ့အသီးတွေကို စိုက်ခင်းနဲ့ဝေးတဲ့နေရာမှာမြေမြုပ်ဖျက်စီးပြစ်ပြီး မျိုးလောင်းများထပ်မပွါးများအောင် ကာကွယ်နိုင်ပါတယ်။

  • စိုက်ခင်းအတွင်းသန့်ရှင်းမှုကို အလေးထားလုပ်ဆောင်ချင်းဖြင့်လည်း ကြိုတင်ကာကွယ်နိုင်ပါတယ်။
  • သစ်သီးဝလံများ ကြီးထွားဆဲအချိန်ကထဲက မီးခိုးမှိုင်းတိုက်ပေးခြင်း (သို့) စပါးခွံပေါင်းခံရေကို အချိန်မှန်ပက်ဖြန်းပေးခြင်းဖြင့်ကြိုတင်ကာကွယ်နိုင်ပါတယ်။
  • (မီသိုင်းယူဂျီနော်) လိုအင်းဆက်ဟောမုန်းထောင်ချောက်တွေကိုစိုက်ခင်းအတွင်းထားပေးခြင်းနည်းလမ်းများဖြင့်လည်းကြိုတင်ကာကွယ်နိုင်ပါတယ်။

ကျွန်တော်တို့ Organic.com.mm မှတောင်သူအကျိုးပြု ဩဂဲနစ်စိုက်ပျိုးရေး အသိပညာ နည်းပညာဆိုင်ရာဆောင်းပါးများကိုအပတ်စဉ်ရေးသားပြီး Page and Website မှာတင်ပေးသွားမှာဖြစ်ပါတယ် မိမိအကျိုးရှိသလို အများလည်းအကျိုးရှိစေလိုသော စေတနာအရင်းခံထားပြီး ပြန်လည်မျှဝေပေးစေလိုပါတယ်ခင်ဗျာ။